မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဒေသရှိ ကုလားမတောင်တန်းနှင့် တောတောင်များ၊ ဥယျာဉ်ခြံများတွင် ကြက်ပေါင်သီးအပင်များမှာ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိရာ ယခုလို ရာသီပေါ်ချိန်ကာလတွင် ဒေသခံများက မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကြက်ပေါင်သီးများ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရှိရသည်။ ကြက်ပေါင်သီးများကို ဒေသခံများက သရေစာအဖြစ်လည်းကောင်း၊ ငါးနှင့်တွဲ၍ ဟင်းလျာအဖြစ်လည်းကောင်း၊ သနပ်အဖြစ်လည်းကောင်း၊ ငါးပိ၊ ပုဇွန်ခြောက်နှင့်တွဲကြော်၍ ပြုလုပ်စားသုံးကြကာ ဒေသအတွင်းတွင် နှစ်သက်စားသုံးသူများပြားလာခြင်း၊ မော်လမြိုင်မြို့နှင့် ပေါင်မြို့နယ်ရှိဈေးများသို့ ပို့ဆောင်ရောင်းချခြင်း၊ လက်ဆောင်ပေးခြင်း၊ ဆိုင်တင်ရောင်းချခြင်းတို့ကြောင့် ဝယ်လိုအားကောင်းလျက်ရှိရာ ကြက်ပေါင်သီးအလုံး (၅၀) ပါ အစည်းကြီး တစ်စည်းလျှင် (၇၀၀၀) ကျပ် ဈေးနှုန်းရရှိကြောင်း သိရှိရသည်။
ကြက်ပေါင်သီးများမှာ နွယ်ပင်မျိုးဖြစ်၍ ချဉ်သောအရသာရှိကာ စိုက်ပျိုးထားမှုမရှိဘဲ ဥယျာဉ်ခြံများရှိ သစ်ပင်များတွင် သဘာဝအလျောက် တွယ်ကပ်ရှင်သန်လျက်ရှိရာ ဒေသခံဥယျာဉ်ခြံပိုင်ရှင်များက ပြုစုထိန်းသိမ်းစောင့် ရှောက်ထားကြသည်။ ထိုကြက်ပေါင်သီးများသည် ယခု ဒီဇင်ဘာ ဒုတိယပတ်နှင့် တတိယပတ်တို့တွင် အသီးများ ရင့်လာပြီးဖြစ်သည့်အတွက် ဒေသခံပြည်သူများက ဆွတ်ခူးရောင်းချကြရာ မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရှိရသည်။
Source: https://www.doca.gov.mm
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရာသီပေါ်ကြက်ပေါင်သီးများ ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Category:
Local News